Pages

မျောလွင့်နေတဲ့ နှလုံးသား..စည်းချက်ညီတဲ့ ရင်ခုန်သံ ရပ်ဝန်း စိတ္တဇ ညများ အရောင် ဝိုးတဝါးနဲ့ မွဲတဲ တဲ ရောယှက် ရုတ်တရက် ရှုပ်ယှက်ခတ် သလို စိုက်ကြည့်မှ ယောင်ဝါးဝါး.

Wednesday 7 August 2013

" အချစ်အကြောင်းပြောတဲ့ ညက မင်းကိုငါ အပိုင် သိမ်းခဲ့တာ "

" အချစ်အကြောင်းပြောတဲ့ ညက မင်းကိုငါ အပိုင် သိမ်းခဲ့တာ "

နားနဲ့ မဆန့် အောင်
ကြားနေရတဲ့ အချစ်တွေ
တစ်ဆစ်ဆစ် နဲ့ ကိုက်တယ်
မျက်စိအောက်က
ဖြတ်လျှောက်သွားတဲ့ အချစ်
မြင်ကွင်း ရှေ့ တင် ပြေးလွှား
ကစားစရာ မဟုတ်ဘူး ဆိုပဲ
အချစ် စစ် ရဲ့…………

ဟို နားက ဒီနားက
ရင်ထဲက စိတ်ထဲက
အပေါ်ယံ က အသံ
ရှုပ်ယှက်တွေ ခတ်နေတဲ့
ကြက်ခြေခတ် ပုံစံ
ဒါဟာ လဲ အခြစ် တဲ့
အချစ် စစ် ရဲ့ …………

ဝေးလို့ အေးတဲ့ သွေးတွေ
နီးရင် ပိုလို့ (ခဲ)
ခဲ နေရင် ခက်ပြီ
အချစ် စစ် …………

တိုက်ပွဲတိုင်း မှာ
အသံတွေ ပစ်ခတ်ကြ
အော်ဟစ် ကြ ပြေးလွှားကြရ
အချစ် တွေ စစ်မဖြစ်ဖို့ လိုတယ်
အချစ် စစ် ……………

သွေးပျက်တဲ့ ညက
ဂျီးအထပ်ထပ် ဘဝ
ပေါင်မုန့်ကြမ်း နဲ့ ရေ ကို
မင်း မျိုရဲပါ့မလား
အချစ် စစ် ……………

မေးခဲ့ဖူးရဲ့
မေးရင်ထူး
ခေါ်ရင်တော့ ပြောပေါ့ (ပြောမပေါ့)
အချစ် စစ် ……………

ဝတ်လစ်စလစ် ကိုယ်လုံး ကို ခုတုံးလုပ်
သိက္ခာ ကို ဆွဲဆုတ်
ထောင်တန် အုပ်လိုက်ကြားက
မိန်းမ ပျိုမှာ မင်းမလိုပါဘူး
အချစ် စစ် …………

ပေတံနဲ့ တိုင်း ပြီး
ဆွဲဆန့် လို့ ရတဲ့ ကံကြမ္မာ
ဒင်း ဆီမှာကော မင်းရှိရဲ့ လား
အချစ် စစ် …………

မင်းနဲ့ ငါ ဟာ
ဘော်ဒါတွေပါ
အချစ်စစ် …………

မှော်စရာမလိုအောင်
ဖြန့်ကြဲ ထားတာ
လိုရာကောက် လိုက်
လာရာ နောက်လိုက်
လေမှာ ဝဲ လိုက်
ရင်မှာ အေး လိုက်
အသည်း ဟာ နွေး လိုက်
ကျက်ပြီဆို ခေါ်လိုက်
အချစ် စစ် ……………

ရေးလိုက ရေးနိုင်တယ်
အသည်းမှာ ကွယ်
ခံစားရတယ်
ဘာဖြစ်တယ်
ညာဖြစ်တယ်
ဘယ်ရောက်တယ်
ဘယ်ပေါက်တယ်
လန်းတယ်
ဂွမ်းတယ်
ကြမ်းတယ်
ရမ်းတယ်
(ဖြန်းကနဲ )
မင်း… မင်း… မင်း…… ဒီလိုပဲ လား ¿
အချစ်စစ်

ကြယ်တွေ ကြွေတာ
ငှက်တွေ အော်တာ
သက်တန့် ထွက် တာ
မိုးရွာ တာ နေပူတာ
ဆောင်းတွင်း အေးတာ
ပြာတာ နီတာ စိမ်းတာ
ပလိန်းကြီး ( ပလိန်းကြီး )
အဖတ်လိုက် ကွာ ကွာ ကျတာ
မိုးပြိုတာ
ကမ္ဘာ ပြိုတာ
ခေတ် မကောင်းတာ
မင်း နဲ့ ဆိုင်သလား
အချစ် စစ် ……………

(အဓိက)ကြိုးတွေ လိုတယ်
ကြေငြာစရာမလိုပဲ ခိုင်ခံရမယ်
ခေါင်းစဉ် မတပ် နဲ့
အပိုအလို မရှိနဲ့
သေချာ ဖို့ သွေးမကြီးနဲ့
ဓားမဟုတ် ပေမယ့် ထက်ရမယ်
ဖြတ် မလျှောက် နဲ့
မင်း ဖြတ်မလျှောက်လိုက်နဲ့
အချစ် စစ် …………

လူပြော သူပြောများလာလို့
စိတ်ကြီးဝင်နေလား
တဒင်္ဂ မှာ စုတ်ပြတ်သတ် တတ်တယ်
လာမငိုနဲ့
မော့တုန်း မာတုန်း ပြုံးထားတာ
မှတ်မိသေးရဲ့ လား
ခု ငုံထားတုန်း ပြုံးပြ ပါလား
မြင်ချင် တွေ့ ချင်လို့ ပါ
ဘယ်ရောက်သွားသလဲ?
အချစ် စစ် …………

ဝုန်းကနဲ တောက်
ခဏ ခဏ မပျောက်နဲ့
အချစ် စစ် ………………

'မှတ်ထား '
မီး ဆိုတာ
လောင် တတ်ရတယ်ကွ
မလောင်တတ်ရင်
ကိုယ့်ကိုယ်ကို ပြန်ရှို့နေသလိုပဲ
အချစ်စစ် …………

တောက်လျှောက် (ဒေါက်လျှောက်)
လျှောက်လာတဲ့ လမ်းမှာ
စကားလုံး တလုံးမှ ငါ
ခလုတ်မတိုက်ဖူးသေးဘူး
အချစ်စစ် ……………

ဒီမှာ အချစ်စစ် ရဲ့
ဒါက ဒီလို ရှိတယ် ကွယ့်
မင်းကို သီချင်းလုပ်ဆို
ပြီးတော့ လေထဲ ဝဲ လိုက်ကြ
မင်းကို ပဲ ကြွေခိုင်း
ပြန်ပြီးတော့ ခြွေချ
မင်းကို ပဲ ပြန်ကောက်
မိုးပေါ် စွေ့ကနဲ ကိုင်မြှောက်
အမြှီးအမှောက် မတည့် (တခါတလေတည့်)တဲ့
စကားလုံး တွေ သုံးလို့
ပါးစပ်ဖျားလေးတင် ဆော့ကစား
နွား ပလာတာ ကျွေးထားသလား မှတ်ရ …………

(ဟူးးး ပြောရတာ မောလှသကွာ )

ဆိုက်ဆိုက်ရောက်လာတော့လည်း
ပြောရပေမပေါ့
ရင်ထဲက ပြောတဲ့ သူ များတော့လည်း
ခံစားတတ်သူတွေ ပေါတဲ့
စကားဝိုင်းထဲ
မင်း လျှောက်လို့ လည်ပေဉီးတော့
အချစ်စစ်…………

တို့တွေအချစ်အကြောင်း ပြောတဲ့ ညက
ငါမင်းကို အပိုင်သိမ်းလိုက်ပြီးပြီ

အချစ်စစ်
မင်း ငါ့ကို မ မေ့ နဲ့ …………။ ။ ။ ။ ။

ဆင်စွယ်

No comments:

Post a Comment

ခံစားချက်တို့ ဝေမျှရင်