Pages

မျောလွင့်နေတဲ့ နှလုံးသား..စည်းချက်ညီတဲ့ ရင်ခုန်သံ ရပ်ဝန်း စိတ္တဇ ညများ အရောင် ဝိုးတဝါးနဲ့ မွဲတဲ တဲ ရောယှက် ရုတ်တရက် ရှုပ်ယှက်ခတ် သလို စိုက်ကြည့်မှ ယောင်ဝါးဝါး.

Sunday 30 December 2012

ယခု ဖြစ်ပေါ်လျှက်ရှိသော စိတ်အနေအထား


ယခု ဖြစ်ပေါ်လျှက်ရှိသော စိတ်အနေအထား

မဲ့ နေတယ်
ဘာသာစကားမဲ့နေတယ်
ဘာသာစကားနဲ့ ပြုလုပ်တဲ့ ကဗျာတွေ မဲ့နေတယ်
မေးထူးခေါ်ပြောတွေ မဲ့နေတယ်
အသံတွေ မဲ့နေတယ် အကြားအာရုံတွေမဲ့နေတယ်
မိုးတွေရွာနေပေမဲ့ မိုးစက်သံတွေမဲ့နေတယ်


(- ပြင်ပ မှ ၀င်ရောက်လာသော အခြားသိစိတ်တစ်ခု - )
တစ်ခုခု ကို ရေး ဖို့လည်း စာလုံးပေါင်းတွေ မဲ့နေတယ်
အဓိပ္ပါယ်တွေမဲ့နေတယ် အကြောင်းအရာတွေမဲ့နေတယ်
တစ်ခုခု ကို ဖတ်ဖို့ မြင်စိတ်တွေမဲ့နေတယ်
မြင်စိတ်နဲ့ ချိတ်ဆက်ထားတဲ့ သိမှု့တွေမဲ့နေတယ်
သိမှု့ကနေတဆင့်ဖြစ်ပေါ်လာတဲ့
တွေးတော ကြံစီမှု့တွေ မဲ့နေတယ်
ပူသည် /အေးသည် /စောသည်/မိုးချုပ်သည်
ဆာသည်/ပြည့်အင့်သည် မဲ့နေတယ်
မိတ္တဗလဋီကာ မဲ့နေတယ်
မိတ်ဆွေတွေ/သူငယ်ချင်းတွေ/ဘော်ဒါတွေ/ဘော်ကျွတ်တွေ
သောက်ဖော် သောက်ဖက်တွေ/ရဲဘော် ရဲဘက်တွေ မဲ့နေတယ်
ရဲစိတ်ရဲမာန် ဆိုတာလဲ မဲ့နေတယ်
တပ်မတော်မှ သင့်အားအလိုရှိသည် မဲ့နေတယ်
တပ်မတော်အား သင်အလို ရှိ/မရှိ မဲ့နေတယ်
ဒါ ဒါ နိုင်ငံတော် ပုန်ကန်မှု့/နိုင်ငံတော် အသရေဖျက်မှု့
အမှု့တွေ မဲ့နေတယ် ကိစ္စတွေမဲ့နေတယ်
အမှု့မဲ့ အမှတ်မဲ့ တွေ မဲ့နေတယ်
မှတ်သားစရာတွေ မဲ့နေတယ် ဒိုင်ယာရီ တွေမဲ့နေတယ်
နေရာလွတ်တွေ မဲ့နေတယ် ထိုင်ခုံတွေ မဲ့နေတယ်
ဘက်စ်ကားတွေ မဲ့နေတယ် လမ်းတွေ မဲ့နေတယ်
သွားစရာခရီးတွေ မဲ့နေတယ်/မသွားစရာခရီးတွေ လည်းမဲ့နေတယ်
ဒါဟာ လိုင်းနံပါတ် ၂၉ ရေး/ပြော စရာမဲ့နေတယ်
(-ရေကြည့်မနေနဲ့ လိုင်း ၃၀ ပြည့်သွားမယ် မဲ့နေတယ်- )
ပြော ပြော ကြိုက်သလောက်ပြော အေး ကျသလောက်တော့ရှင်း မဲ့နေတယ်
ရှင်း စရာတွေမဲ့နေတယ် ရှုပ်စရာတွေလည်းမဲ့နေတယ်
မရှုပ်မရှင်းတွေ လည်း မဲ့နေတယ်
ဟော လိုင်းနံပါတ် ၃၄ ရောက်သွားပြီ မဲ့နေတုန်း
ဘေးဘီ ကိုလှမ်းကြည့် မဲ့နေတယ် ဘေးဘီဆိုတာ ဘေးနားကို ပြောတာ
ဘိုး/ဘေး/ဘီ/ဘင် ကိုပြောတာမဟုတ်ဘူး မဲ့နေတယ်
ဖွင့်ထားပြီး အေးမနေတဲ့ အဲယ်ကွန်း ကလဲ မဲ့နေတယ်
နံရံမှာ ခါးကြီးထောက်လို့ မျက်မှောင်ကြုံလို့ အလစ်မပေးပဲ လှမ်းကြည့်နေတဲ့
ဆောင်ပုဒ်/ဆိုင်းဘုတ်/သတိပေးထားမြစ်ချက်တွေ မဲ့နေတယ်
(၁) နိုင်ငံရေး website များနဲ့ ညစ်ညမ်း website မကြည့်ရ
(၂) ဆေးလိပ်မသောက်ရ (No Smoking)နိုး နိုး နဲလ်ဗား
(၃)ကွမ်းမစားရ
(၅)ဆူညံခြင်းမပြုရ
နံပါတ်စဉ် (၄) မဲ့နေတယ် မဲ့နေတယ်
နိုင်ငံရေးလည်း မဲ့နေတယ် ညစ်ညမ်းတာတွေလည်းမဲ့နေတယ်
လိင်စိတ်တွေလည်း မဲ့နေတယ် ဆေးလိပ်တွေလည်း မဲ့နေတယ်
မီးခြစ်တွေလည်း မဲ့နေတယ် - မီးကို မချစ်(ခြစ်)တော့ဘူးလား အကိုကြီးရယ်- မဲ့နေတယ်
ကွမ်းတံတွေးတွေလည်း မဲ့နေတယ် ကွမ်းတွေလည်း မဲ့နေတယ်
တံတွေးတွေလည်း မဲ့နေတယ် ဆူညံခြင်းတွေလည်း မဲ့နေတယ်
××× မဲ့ နေတယ် ×××
××× မဲ့နေတယ် ×××
မဲ့နေတာတွေကို ဖတ်ပြီး ခင်ဗျား မျက်နှာကြီးလည်း မဲ့နေမယ်
မဲ့နေတာတွေကို ရေးပြီး ကျွန်တော် မျက်နှာကြီးလည်း မဲ့ နေတယ်။

- ဤတွင် ကဗျာ ပြီး၏ -

ု?? : ?? AM/PM DD/MM/YY
(ရက်တွေ / နေ့စွဲတွေ/နာရီတွေ/အချိန်တွေ မဲ့နေတယ် )

- ဤတွင် အမှန်တကယ် ကဗျာ ပြီးဆုံး တော့ လေသတည်း -

ချစ်သူရေ
မင်းနဲ့ မတွေ့ရတဲ့ အချိန်တိုင်း ငါ့အတွက်အရာအားလုံး ဟာ မဲ့နေတယ်

ဆင်စွယ်

No comments:

Post a Comment

ခံစားချက်တို့ ဝေမျှရင်